ဒီမိုကရေစီ အရေခြုံထားတဲ့ လောက်ကောင်
ဖုန်းကို
ဒီနာမည်ကို ၁၉၈၈ ခုနှစ်အရေးအခင်းတုန်းက သေ့ဘောဘိုးရောက်ဘူးတဲ့ ကျောင်းသားတိုင်း ကြားဘူးမှာပါ။ ABSDF (၉ )ဦး ကော်မီတီလုပ်ခဲ့ဘူးသူတိုင်း သိမှာပါ။ ဖုန်းကိုဟာ ကောက်ကျစ်စဉ်းလဲသူဆိုတာ ကြုံဘူးသူတိုင်း သိကြတယ်။ သေ့ဘောဘိုးမှာ ကရင်တပ်နဲ့ပေါင်းပြီး အာဏာရှင်လက်သစ် လုပ်ခဲ့တယ်။ ၈၈ ကာလဆိုတာ ကျောင်းသားတွေ အတွေ့အကြုံ နုသေးတဲ့ ကာလဖြစ်တယ်။ သူပုန်မလုပ်ဘူးသေးတဲ့ ကာလဖြစ်တယ်။ လက်နက် မကိုင်ဘူးသေးတဲ့ ကာလဖြစ်တယ်။ ဖုန်းကိုရဲ့ ပရိယာယ်ကို မသိသေးတဲ့ (၉ )ဦး ကော်မီတီဟာ ဖုန်းကို ဆင်လိုက်တဲ့ “လုံခြုံရေးကော်မီတီ” ဆိုတာကို ခွင့်ပြုခဲ့တယ်။ ဖုန်းကိုဟာ သေ့ဘောဘိုးမှာ လုံးခြုံရေးကော်မီတီ ဆိုတဲ့ နာမည်ကို အသုံးချပြီး စစ်အာဏာရှင်လက်သစ် ဖြစ်ခဲ့တယ်။
“ပုံ- ဖုန်းကို” ဆိုတဲ့ ကြေညာချက်ကို သေ့ဘောဘိုးရောက်သူတွေ မှတ်မိနေမှာပါ။ လုံခြုံရေးကော်မီတီဖွဲ့ပြီး သူ့ကိုယ်သူ အဲဒီကော်မီတီရဲ့ ဥက္ကဋ္ဌလုပ်။ ပြီးတာနဲ့ ချက်ချင်းအမိန့်ကြေညာချက်ထုတ်ခဲ့တယ်။ “သူ့ခွင့်ပြုချက် မရဘဲ ဘယ်သူတစ်ဦးတစ်ယောက်မှ သေ့ဘောဘိုးနယ်မြေက မထွက်ခွါရ” ဆိုတဲ့ ကြေညာချက်ကို “ပုံ-ဖုန်းကို” ဆိုပြီး ထုတ်ခဲ့တယ်။ ကရင်တပ်အားကိုးနဲ့ ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တယ်။
ဖုန်းကို သေ့ဘောဘိုးရောက်တာ ၈၈ အာဏာသိမ်းပြီးမှ ပထမအကြိမ် မဟုတ်ပါ။ ဒုတိယအကြိမ် ဖြစ်တယ်။ ဒါကို (၉ )ဦး ကော်မီတီလည်း မသိပါ။ တက်ကြွလှုပ်ရှားနေတဲ့ ကျောင်းသားတွေလည်း မသိပါ။ ဟိတ်ဟန်အလွန်ကောင်းတဲ့ သူ့ပရိယာယ်ထဲမှာ အားလုံးသက်ဆင်းကုန်ကြတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ -ရက်နေ့မှာ (၈)လေးလုံး အရေးတော်ပုံ စတယ်။ သြဂုတ်လ (၂၃)-ရက်နေ့မှာ သူအပါအဝင် တက်ကြွလှုပ်ရှားသူ (၆)ယောက်ဟာ KNU နယ်မြေကို ထွက်ခွါခဲ့တယ်။ အဲဒီတုန်းက ပထမအကြိမ် သေ့ဘောဘိုးကို ဖုန်းကို ရောက်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် ကေအင်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်မြနဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရဲ့ တစ်နေရာမှာ တွေ့ဆုံခဲ့တယ်။ အစိုးရ မကောင်းကြောင်း ပြောပြီး ကေအင်ယူကို ဖုန်းကို ချည်းကပ်ခဲ့တယ်။ ကေအင်ယူကလည်း သူ့ကို ယုံခဲ့တယ်။ သူနဲ့အတူ လိုက်သွားသူတွေက သူ့အကြောင်းကို ကောင်းကောင်းသိနေသူတွေ ဖြစ်တယ်။ မူလသွားတဲ့ ရည်ရွယ်ချက်က စစ်ရေးအကူအညီတောင်းဖို့ ရည်ရွယ်ချက်နဲ့ သွားတာဖြစ်တယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တခြားစီ ဖြစ်သွားတယ်။ ဖုန်းကိုဟာ အဲဒီအချက်ကို အကင်းပါးသူပီပီ ချက်ချင်းရိပ်မိတယ်။ ငါးမရ ရေးချိုပြန် နည်းကို သုံးခဲ့တယ်။ နောက်မှ တစ်ခေါက်ပြန်လာမယ့်အကြောင်း နှစ်သိမ့်ခဲ့တယ်။ ကေအင်ယူ ခေါင်းဆောင်လည်း ယုံခဲ့တယ်။ သူ့ရဲ့ လိမ်ညာတဲ့ လုပ်ရပ်တွေကို မကြိုက်ကြောင်းပြောမိလို့ သူနဲ့ပါသွားတဲ့ အထဲက ငွေသိန်း ဆိုတဲ့ လူငယ်ကို ကရင်ရဲဘော်နဲ့ ပေါင်းပြီးလုပ်ကြံတဲ့အထိ ကောက်ကျစ်ခဲ့တယ်။ ဒါပေမယ့် အားလုံးက ရိပ်မိသွားတာကြောင့် သူ့အကြံ မအောင်မမြင်ဖြစ်ပြီး ငွေသိန်းလည်း သေမယ့်ဘေးက လွတ်ခဲ့တယ်။
မော်လမြိုင်မြို့ကို ပြန်ရောက်လာတော့ အမှတ်(၅) စစ်ထောက်လှမ်းရေးမှာ သူရလာတဲ့ သတင်းတွေကို ရောင်းစားခဲ့တယ်။ အဲဒီအချိန်ဟာ (၈)လေးလုံးကာလရဲ့ အရှိန်အဟုန်မြင့်နေတဲ့ စက်တင်ဘာလ ပထမပတ် ဖြစ်တယ်။ သူနဲ့အတူ ပါသွားတဲ့ (၅)ယောက်လည်း အမှတ်(၅) စစ်ထောက်လှမ်းရေးက ဖမ်းဆီးစစ်မေးတာကို ခံကြရတယ်။ နောက်ဆုံးမှာ ဖုန်းကိုနဲ့ အမှတ်(၅) ထောက်လှမ်းရေးတို့ အပေးအယူတည့်သွားတယ်။ အဲဒီ အပေးအယူကတော့ ကျောင်းသားလှုပ်ရှားမှုသတင်းတွေ ပေးမယ်ဆိုတဲ့ ကတိဖြစ်တယ်။ အဲဒီအချိန်က စပြီး ဖုန်းကိုဟာ ကျောင်းသားတွေရဲ့ အတွင်းစည်းထဲကို ထဲထဲဝင်ဝင် တိုးဝင်ပြီး သတင်းရယူတော့တယ်။ သူနဲ့အတူ ကေအင်ယူ နယ်မြေကို သွားခဲ့တဲ့သူတွေအားလုံး အမှတ်(၅) ထောက်လှမ်းရေးဝင်ထဲမှာ ဖမ်းထားစဉ်က ကေအင်ယူနဲ့ တွေခဲ့တဲ့ အကြောင်းတွေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို ပြည့်ပြည့်စုံစုံ စာနဲ့ ရေးပေးဖို့ သူ့ကို တာဝန်ပေးတယ်။ သူနဲ့ လိုက်သွားသူတွေက မရေးနိုင်ဘူး ငြင်းလို့ ထောက်လှမ်းရေးနဲ့ ပေါင်းပြီး ဖမ်းချုပ်ခိုင်းတယ်။ ဒါကြောင့် ပါသွားသူတွေက အလိမ္မာနဲ့ အချက်အလက်တွေကို လွဲရေးပြီး တင်ခဲ့ကြတယ်။ ဒါပေမယ့် ဖုန်းကိုကတော့ အသေးစိတ်ရေးပြီး တင်ခဲ့တယ်။ အဲဒီလို ရေးခဲ့တဲ့အကြောင်းလည်း သူနဲ့ အတူလိုက်သွားသူတွေကို မထီမဲ့မြင် အမူအယာနဲ့ ပြောပြခဲ့တယ်။
နောက်ပိုင်းမှာ မော်လမြိုင်မြို့ရဲ့ သပိတ်စစ်ကြောင်းတွေထဲ ဒီမိုကရေစီအရေခြုံပြီး အတွင်းကိုဝင်နှိုက်ဖို့ ကြိုးစားခဲ့တယ်။ သူရရှိတဲ့ သတင်းတွေအားလုံး အမှတ်(၅) စစ်ထောက်လှမ်းရေးကို အသေးစိတ်စာရေး အစီရင်ခံခဲ့တယ်။ သူရေးပို့ခဲ့တဲ့ သတင်းအချက်အလက်ကျောရိုးကို ယူပြီး ထောက်လှမ်းရေးက ကြေးမုံသတင်းစာမှာ သတင်းဆောင်းပါးရေးတယ်။ “မျောက်ပြဆန်တောင်းပြီး မျောက်ကိုသတ်ရန် ကြိုးပမ်းလာခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကလောင်နာမည်နေရာမှာ “ကျောင်းသားတဦး” ဆိုတာ ဖုန်းကို လက်ချက်ဖြစ်တယ်။ ဖုန်းကို ပေးတဲ့ အချက်အလက်ကို ကျောရိုးယူပြီး ထောက်လှမ်းရေးက ရေးတာဖြစ်တယ်။ ပြီးတော့ ကလောင်နာမည် “ကျောင်သားတဦး” လို့ သုံးလိုက်တယ်။ “ဖုန်းကို မင်းရေးတဲ့ ဆောင်းပါး သတင်းစာထဲ ထည့်ပေးလိုက်တယ်”လို့ ထောက်လှမ်းရေးက ဖုန်းကို ကိုပြောတယ်။ ဖုန်းကို အရူးဘုံမြောက်ဖြစ်သွားတယ်။ ဖုန်းကိုဟာ မော်လမြိုင်မြို့ အမှတ်(၅) စစ်ထောက်လှမ်းရေးရဲ့ အရှိန်အဝါနဲ့ ၈၈- အရေးအခင်းကာလက အဲဒီဆောင်းပါးပါ သတင်းစာကို ကိုင်ပြီး “ဒါ ငါရေးတာ”လို့ ဈေးကြိုရပ်ကွက်က ဒီမိုကရေစီ အင်အားစုတွေကြားမှာ မထီတဲ့ အမူအယာနဲ့ သူ့ကိုယ်သူ ဂုဏ်ယူပြီး ပြောခဲ့တယ်။ ဈေးကြိုလမ်းခွ လဖက်ရည်ဆိုင်မှာ ထောက်လှမ်းရေးတွေနဲ့ အတူတူထိုင်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို သတင်းပေးခဲ့တယ်။
၈၈-ခုနှစ်၊ စက်တင်ဘာလ စစ်အာဏာသိမ်းပြီးချိန်မှာ သူဟာ သေ့ဘောဘိုးနယ်မြေကို ထောက်လှမ်းရေး သတင်းယူဖို့ ဒုတိယအကြိမ် တက်လာခဲ့တယ်။ သူအပြောနဲ့ သူ့လိမ့်လုံးတွေကြားမှာ ကေအင်ယူအရာရှိတွေလည်း သူ့ဘက်ပါကုန်တယ်။ သူ့အကြောင်း တိတိကျကျသိနေသူတွေဟာ အဲဒီအချိန်က သေ့ဘောဘိုးမှာ ရှိနေကြတယ်။ အဲဒီအဖွဲ့ဟာ စက်တင်ဘာလ ၁၁-ရက်နေ့ ကတည်းက မော်လမြိုင်မြို့ကနေ ကေအင်ယူနယ်မြေထဲကို ထွက်ခွါလာခဲ့တဲ့ လူ ၂၂-ယောက်နဲ့ ဦးဇင်း(၂)ပါးဖြစ်တယ်။ သူတို့က ကေအင်ယူနဲ့ ဝမ်းခသစ်စခန်းမှာ ဆွေးနွေးပြီး သေ့ဘောဘိုးမှာ ပြန်နားနေတဲ့ အချိန်ဖြစ်တယ်။ မော်လမြိုင်မြို့ ဈေးကြိုရပ်က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့အတူ ပူးပေါင်းပါဝင်ထားတဲ့ တက္ကသိုလ်ကျောင်းသားတွေလည်း ပါတယ်။ အားလုံး ၂၂-ယောက်နဲ့ (၂)ပါးလို့ အဲဒီတုန်းက သုံးနှုန်းခဲ့ကြတယ်။
ဖုန်းကိုဟာ သူ့အကြောင်းပေါ်ကုန်ရင် သေတဲ့အထိဖြစ်နိုင်တယ်ဆိုတာ ကြိုတွက်ထားပြီးသား ဖြစ်တယ်။ သူက သူ့ကိုယုံအောင် ကေအင်ယူအရာရှိတွေကို အတင်းချည်းကပ်ဝင်ပူးတယ်။ နဂိုကတည်းက ကရင်လူမျိုး ဖြစ်နေလေတော့ ကေအင်ယူအရာရှိတွေလည်း ရာနှုန်းပြည့် သူ့ကို ယုံကြည်သွားတယ်။ သူက ပထမ တစ်ခေါက်လည်း လာခဲ့ဘူးတဲ့သူဖြစ်တော့ ပိုပြီးယုံသွားတယ်။ သူ ထောက်လှမ်းရေး သတင်းပေးပါလို့ တစ်ယောက်ယောက်က ပြောခဲ့ရင်တောင် ကေအင်ယူ အရာရှိတွေက ယုံကြမှာ မဟုတ်။ ပြောပြတဲ့သူကိုတောင် ပြန်ပြီးသတ်ဖို့သာ များတဲ့ အခြေအနေမှာ ရှိတယ်။ သူကလည်း လက်ဦးမှုရယူပြီး အယုံသွင်းနိုင်ခဲ့တယ်။
ကေအင်ယူအရာရှိတွေ သူ့ကို ရာနှုန်းပြည့် ယုံကြည်သွားတဲ့အပြင် သူဟာ ABSDF ရဲ့ (၉ )ဦး ကော်မီတီမှာ လုံခြုံရေး ဥက္ကဋ္ဌနေရာကို ယူလိုက်တယ်။ သူ့အကြောင်း အဖြစ်မှန်ဖွင့်ပြောလည်း ဘယ်သူမှ ယုံမှာ မဟုတ်တော့ကြောင်း သေချာသွားတဲ့အချိန်ရောက်တော့မှ သူ့အကြောင်းဖွင့်ပြောလာနိုင်သူကို ရှင်းဖို့ ကေအင်ယူ ပါဝါသုံးပြီး အကောက်ကြံလာပါတော့တယ်။ သူ့အကြောင်းသိနေသူကို သတ်ဖို့အကြိမ်ကြိမ် အကောက်ကြံတယ်။ တဖက်ကလည်း ဒီလို ဖြစ်လာမယ်ဆိုတာ ကြိုသိနေတော့ သူ့အကြံအစည်က မအောင်မမြင် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက အကောက်ကြံ ခံခဲ့ရပေမယ့် မသေဘဲ လွတ်မြောက်သွားသူဟာ အခု အမေရိကန်နိုင်ငံမှာ ရှိတယ်။ သူ့ နာမည် မောင်မောင်တိတ်။ အမေရိကန်နိုင်ငံမှာ ငြိမ်းချမ်းရေးခရီးရှည် ချီတက်ပွဲကို ဦးဆောင်ခဲ့တဲ့ မောင်မောင်တိတ် ဖြစ်တယ်။
လုံခြုံရေး ဥက္ကဋ္ဌရာထူး ပူပူနွေးနွေးယူပြီးတဲ့ ဖုန်းကိုဟာ အဲဒီညမှာ ကျောင်းသားချင်း ရီးစားအတွဲ ချိန်းတွေ့တာကို ခိုးချောင်း ပါတော့တယ်။ မသိရင်တော့ လုံခြုံရေး ကင်းလှည့်သလိုပေါ့။ သူ ခိုးချောင်းနေစဉ်မှာ လမ်းထဲမောင်းဝင်လာတဲ့ ကားတစ်စီးရဲ့ မီးရောင်က သူ့ကိုလှမ်းထိုးသလို ဖြစ်သွားတယ်။ ခိုးချောင်းနေတာကို ချိန်းတွေ့တဲ့ စုံတွဲလည်း မြင်သွားတယ်။ သူ ဒေါက်ပြုတ်သွားတယ်။ ဒါပေမယ့် အလွန်ကောက်ကျစ်ဉာဏ်များတဲ့ ဖုန်းကိုဟာ ချက်ချင်းဘဲ သူ့အမူအယာကို ပြောင်းလိုက်တယ်။ လုံခြုံရေးကင်းလှည့်လို့ မသင်ကာဖွယ်ရာလူ တွေ့သလို ချက်ချင်းလုပ်ပြီး စုံတွဲကို လေးသံမာမာနဲ့ ချိန်းခြောက်လိုက်တယ်။ ထွက်ခဲ့ဖို့ ခေါ်ထုတ်လိုက်တယ်။ စုံတွဲထွက်လာတော့ အဲဒီ ၂-ယောက် စလုံးကို လက်ဦးမှုရယူပြီး ချက်ချင်းပါးဆွဲရိုက်တယ်။ အဲဒီတုန်းက ပါးရိုက်တဲ့အထဲမှာ သင်္ကန်းဝတ် တစ်ဦးလည်း ပါတယ်။ အဲဒီ ပါးရိုက်ခံရတဲ့ အမျိုးသမီးဟာ အခုနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ ရှိနေတယ်။ အာဏာရှင်စနစ်ကို ရွံမုန်းလို့ တော်လှန်ခဲ့ပြီးကာမှ သေ့ဘောဘိုးလို တောထဲမှာ အာဏာရှင်လက်သစ် ဖုန်းကိုနဲ့ ကြုံခဲ့တာကို အဲဒီတုန်းက သေ့ဘောဘိုးမှာ ရောက်နေသူတိုင်း သိတယ်။
ABSDF အတွင်းသတင်းတွေနဲ့ ကေအင်ယူအတွင်းသတင်းတွေကို အတွင်းကျကျဝင်ယူသွားနိုင်လောက်အောင် ဉာဏ်နီဉာဏ်နက် အလွန်ကောင်းသူဖြစ်တယ်။ အဲဒီအချိန်က သူဟာ ထောက်လှမ်းရေးရဲ့ သူလျှိုပါလို့ ပြောပြခဲ့ရင်တောင် သူမသေဘဲ ပြောပြသူက သေဖို့သာ ရာခိုင်နှုန်းများတယ်။ ကေအင်ယူကလည်း သူမှသူ ဖြစ်နေတယ်။ (၉)ဦး ကော်မီတီမှာလည်း လုံခြုံရေးကော်မီတီဥက္ကဋ္ဌနေရာကို ယူထားနိုင်တယ်။ သန္ဓေတည်ကာစ အေဘီလို ဘဝမှာ စစ်ရေးနေရာလို အာဏာရှိတဲ့ ရာထူးကို ဂွင်ဖန်နိုင်ခဲ့သူ ဖြစ်တယ်။ ၉ -ဦး ကော်မီတီမှာ ထောက်လှမ်းရေး သတင်းပေး ဘယ်နှစ်ယောက်ပါနေလဲ နောက်ပိုင်း နာမည်နဲ့တကွ ပြောပြမယ်။ ကျွန်တော်ဟာ အဲဒီကာလ တလျှောက်လုံး သေ့ဘောဘိုးက ဦးခွေးထမင်းဆိုင် အပေါ်ထပ်မှာ ရှိနေတယ်။ ငှက်ဖျားထိပြီး အနားယူနေချိန် ဖြစ်တယ်။ ၈၈-ခုနှစ် စက်တင်ဘာ ၁၁-ရက် (စောမောင်အစိုးရ အာဏာမသိမ်းခင်) ကတည်းက ကေအင်ယူနဲ့ ဆွေးနွေးဖို့ တက်လာတဲ့ ၂၄-ဦးကို ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင် ၅-ဦးထဲက တစ်ဦး ဖြစ်တယ်။ အခုတော့ သစ္စာဖောက် လောက်ကောင် ဖုန်းကို အကြောင်း ဆက်ပြောမယ်။
မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်က ၈၈-ဒီမိုကရေစီအင်အားစုတွေက ဖုန်းကို အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် သိကြတယ်။ သူ့ရဲ့ ပထမ မိန်းမဟာ ဈေးကြိုသူ ဖြစ်တယ်။ သား ၂ ယောက်ရခဲ့ပြီးမှ စွန့်ခွါသွားသူ ဖြစ်တယ်။ သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသားပါ ဆိုပြီး အဲဒီမိန်းကလေးကို ပေါင်းသင်းလက်ထပ်ခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဈေးကြိုသားတွေက ၈၈- အရေးအခင်း မဖြစ်ခင် ကတည်းက သူ့အကြောင်း သိနေပြီးသား ဖြစ်တယ်။ အရေးအခင်းကာလတလျှောက် အမှတ်(၅) စစ်ထောက်လှမ်းရေးနဲ့ ပူးတွဲပြီး သတင်းပေးတဲ့ အလုပ်ကို ဗျောင်ကျကျလုပ်နေသူလည်း ဖြစ်တယ်။ ခိုးကြောင် ခိုးဝှက် မဟုတ်ပါ။ သူနဲ့အတူ လဖက်ရည်ဆိုင်မှာ အထိုင်များတဲ့ သူဟာ အမှတ်(၅) စစ်ထောက်လှမ်းရေးက တပ်ကြပ်မောင်မောင် ဖြစ်တယ်။
ကျွန်တော်တို့က ကုလားမောင်မောင်လို့ ခေါ်ကြတယ်။
ABSDF နဲ့ KNU တို့ရဲ့ အတွင်းသတင်းတွေကို အများဆုံး ယူလာပေးနိုင်သူအဖြစ် အမှတ်(၅)ထောက်လှမ်းရေးက အမွန်းတင်ထားတဲ့ဆီမှာ ဖုန်းကို ပါတယ်။ ကျောင်းသားတွေပြန်လာဖို့ ကိုလှအောင်တို့ လေယာဉ်နဲ့ စာကျဲပြီး ကာလအတော်ကြာမှ ဖုန်းကို ပြည်တွင်း ပြန်ရောက်လာတယ်။ မြဝတီထောက်လှမ်းရေးနဲ့ အချိတ်အဆက်လုပ်ပြီး သေချာမှ ပြန်ဝင်လာတာဖြစ်တယ်။ သူပြန်ဝင်လာပြီးနောက် မော်လမြိုင်မြို့ရဲ့ တစ်ဖက်ကမ်း မုတ္တမ ကားဂိတ်မှာ ထောက်လှမ်းရေးနဲ့ ပေါင်းပြီး နောက်ထပ်ဝင်လာတဲ့ ကျောင်းသားတွေကို သတင်းပေးဖမ်းခဲ့တယ်။ အဲဒီတုန်းက ဖမ်းခံထိသူတွေ ဒီစာဖတ်ပြီးရင် ဘယ်သူ့လက်ချက်လဲဆိုတာ ရှင်းသွားမယ်။
ထိုင်းနဲ့မြန်မာနယ်စပ် မြဝတီတံတားမှာ တာဝန်ကျတဲ့ ထောက်လှန်းရေးနဲ့ပေါင်းပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်က ဝင်လာတဲ့ ကျောင်းသားတွေကို ဖမ်းခဲ့တာလည်း သူ့လက်ချက် ဖြစ်တယ်။ သူက ကေအင်ယူနဲ့လည်း အတွင်းကျကျ နေခဲ့သူ ဖြစ်တယ်။ ABSDF (၉) -ဦး ကော်မီတီမှာ ခေါင်းဆောင်နေရာ တစ်နေရာ ယူခဲ့သူလည်း ဖြစ်တယ်။ ဒါကြောင့် ဘယ်သူဟာ တောတွင်းပြန်လဲ သူသိတယ်။ စစ်ထောက်လှမ်းရေက သူလို တောတွင်းပြန်တွေကို အသုံးချပြီး ကျောင်းသားများစွာကို ဖမ်းခဲ့တယ်။ ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်သလို မွှေနှောင့်ပြီးလည်း ဖမ်းတယ်။ သူ့ကြောင့် အဖမ်းခံရသူထဲမှာ သူ့လိုသတင်းပေးလုပ်ခဲ့ဘူးသူ တစ်ယောက်တောင် ကံဆိုးစွာ ပါသွားဘူးတယ်။ အဲဒီအကြောင်း နောက်ပိုင်းရေးပါမယ်။
ကောက်ကျစ်စဉ်းလဲပြီး ပါးနပ်တာကြောင့် သူ့အလိမ်အညာကို ကေအင်ယူအရာရှိတွေလည်း ခံခဲ့ရတယ်။ ကေအင်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်မြလိုလူကိုလည်း ယုံကြည်အောင် စည်းရုံးနိုင်ခဲ့သူဖြစ်တယ်။ ကရင်လူမျိုးကို ကရင်က ပြောရင် ယုံတယ်။ မွန်လူမျိုးကို မွန်က ပြောရင် ယုံတယ်။ ဗမာကို ဗမာပြောရင် ယုံတယ်။ ကျောင်းသားကို ကျောင်းသားချင်းပြောရင် ယုံတယ်။ ဘုန်းကြီးကို ဘုန်းကြီးချင်းပြောရင် ယုံတယ်။ ဒါကို သိနေတဲ့ စစ်အာဏာရှင်တွေနဲ့ စစ်ထောက်လှမ်းရေးဟာ အဲဒီအချက်ကို ကောင်းစွာ အသုံးချနိုင်ခဲ့တယ်။ သစ္စာရှိခြင်းဆိုတာ လူနဲ့သာ ဆိုင်တယ်။ လူမျိုးနဲ့ မဆိုင်။ ဂုဏ်ရှိနေခြင်းနဲ့ မဆိုင်။ ငွေကြေးချမ်းသာမှုနဲ့လည်း မဆိုင်။ လူဆိုတဲ့ အသိနဲ့ မမြင်ဘဲ လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲတွေအပေါ် အခြေခံတဲ့ ယုံကြည်ခြင်းဟာ ညာချင်တဲ့ သူတွေအတွက် အကွက်တစ်ကွက်အဖြစ် အသုံးချသွားနိုင်တယ်ဆိုတာ သင်ခန်းစာ ယူသင့်တယ်။ သူုငယ်ချင်း ဖြစ်နေပါစေ သစ္စာဖောက်လာတဲ့ တစ်နေ့မှာ ကိုယ့်အသက်ကိုလည်း ရန်ရှာနိုင်တယ်ဆိုတာကို သိထားဖို့ လိုတယ်။ တစ်ချိန်က NLD ဖြစ်ခဲ့သူတွေ နောက်တော့ NLD ကို သစ္စာဖောက်တယ်။ တစ်ချိန်က ၈၈ တွေ နောက်တော့ အဲဒီ ၈၈-ကို သစ္စာဖောက်တယ်။ သစ္စာရှိခြင်းနဲ့ သစ္စာဖောက်ခြင်းဆိုတာ လူရဲ့ စိတ်ဓာတ်ပိုင်းနဲ့သာ ဆိုင်တယ်။ လူမျိုးတွေ၊ ဘာသာတွေနဲ့ မဆိုင်ပါ။
ကရင်လူမျိုးဖြစ်တဲ့ ဖုန်းကိုဟာ ကရင်လူမျိုးတွေရဲ့ အားနည်းချက်ကို ပိုသိတယ်။ ဒီ့အပြင် ကေအင်ယူအရာရှိတွေရဲ့ အားနည်းချက်ကိုလည်း သိတယ်။ အကြိုက်ပြောရင် ဆေးဖြစ်တယ်ဆိုတဲ့နည်းကို ဖုန်းကို ကျင့်သုံးခဲ့တယ်။ ကေအင်ယူနယ်မြေထဲ ပထမအကြိမ် သွားခဲ့စဉ်က ကေအင်ယူက စောသမူဟဲ (ခုတော့ ငြိမ်းချမ်းရေး) ကို အကြိုက်ပြောပြီး လက်နက်တွေရအောင် ယူလာနိုင်ခဲ့တယ်။ စစ်ထောက်လှမ်းရေးရဲ့ သည်းခြေကြိုက်ဖြစ်ဖို့ အဲဒီလက်နက်တွေ ထောက်လှမ်းရေးကို အပ်ခဲ့တယ်။ ပြန်မအပ်ဘဲ ဖွက်ထားတဲ့သူတွေကိုလည်း သူကိုယ်တိုင် ဖော်ကောင်လုပ်ပြီး ရှာဖွေခဲ့တယ်။ ပလပ်စတစ်အိတ်နဲ့ ပတ်၊ ရေတွင်းထဲ နှစ်ဖွက်ထားတဲ့ လက်နက်တွေအထိ ရှာဖွေယူနိုင်ခဲ့တယ်။ လက်နက်အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ အတွင်းလူဖြစ်တဲ့ သူက အသိဆုံးဖြစ် တယ်။ အမှတ်(၅) စစ်ထောက်လှမ်းရေးက သူလိုလူကို အကြိုက်ပေးမွေးလိုက်တော့ တပ်ကြပ် မောင်မောင်လည်း ရာထူးတက်သွားတယ်။
ထောက်လှမ်းရေး ကျောထောက်နောက်ခံကို ပြောင်းပြောင်းတင်းတင်းရယူပြီး အခုအချိန်ထိ ကျိုက်ထိုနဲ့ ဘီးလင်း ဘက်မှာ လှုပ်ရှားနေတယ်။ ဘီးလင်းမြို့နယ်အပိုင် ဇုတ်သုပ်မှာ ဒုတိယမိန်းမနဲ့ နေနေတယ်။ တစ်ခါတစ်ခါ မော်လမြိုင်မြို့ဘက်ကို လာတယ်။ ဖုန်းကိုဟာ NLD လိုလို၊ ၈၈-လိုလို လုပ်ပြီး ဘယ်သူမှ ကရုစိုက်စရာ မလိုတဲ့ ပုံစံနဲ့ မော်လမြိုင်မြို့ဘက်ကို မကြာခဏလာတတ်တယ်လို့ မော်လမြိုင်မြို့ခံ ဒီမိုကရေစီ အင်အားစုတွေဆီက သတင်းတွေရနေဆဲဖြစ်တယ်။
အမှန်တွေကို အမှန်သိသူတွေက ပြောမှ မသိသေးသူတွေက သဘောပေါက်မှာ ဖြစ်တယ်။ အားနာလို့ မပြောတာ၊ ကြောက်လို့ မပြောတာ၊ အန္တရာယ်ဖြစ်မှာ စိုးလို့ မပြောတာ စသည်စသည်ဖြင့် မပြောဘဲနေလေ ဒီမိုကရေစီ အရေခြုံတွေအတွက် အနေချောင်လေဖြစ်တယ်။ အမှန်တွေကို သိသူတွေက ပြောဖို့ အချိန်တန်ပြီ။ အဲဒီလို မဟုတ်ရင် ဖုန်းကိုဆီက ဇာတ်လမ်းကျောရိုးယူပြီး ထောက်လှမ်းရေးက “ကျောင်းသားတဦး”အမည်ခံရေးခဲ့တဲ့ ဆင်ထားတဲ့ ဇာတ်လမ်းမျိုးတွေ အများကြီး ဖြစ်လာမယ်။ “မျောက်ပြဆန်တောင်းပြီး မျောက်ကိုသတ်ရန် ကြိုးပမ်းလာခြင်း” ဆိုတဲ့ လုပ်ကြံရေးသားတဲ့ ဆောင်းပါးမျိုးတွေက အမှန်လို ကျန်ရစ်ခဲ့မယ်။ အဲဒီဆောင်းပါးဟာ ဖုန်းကို လုပ်ကြံပြောခဲ့တဲ့ အချက်အလက်တွေကို ကျောရိုးယူပြီး ထောက်လှမ်းရေးက ကျောင်းသားအမည်ခံ လိမ်ညာရေးထားတဲ့ ဆောင်းပါးဖြစ်တယ်။ ဒါမျိုးတွေ မြန်မာထောက်လှမ်းရေးက အများကြီးလုပ်ခဲ့တယ်။ မြက်ခင်းသစ် စာစောင်ထုတ်ပြီး လုပ်ခဲ့တယ်။
ဒီမိုကရေစီအရေးခြုံလောက်ကောင်တွေ ပြည်သူထဲ ဝင်မလာနိုင်ဖို့ သိသူတွေက နာမည်နဲ့တကွ ထုတ်ဖော် ပြောကြဖို့ အချိန်တန်ပြီ။ ဖုန်းကို လို မျက်နှာပြောင်တိုက်နေတဲ့သူတွေ မြန်မာနိုင်ငံမှာ အများကြီးရှိနေတယ်။ ဥပမာ နေမျိုးဝေ လိုလူမျိုးတွေ။ မပြောဘဲနေလေ အဲဒီလို လူတွေအတွက် အနေချောင်လေ ဆက်လုပ်နေလေ ဖြစ်လာမယ်။
အတွင်းကျကျသိထားတဲ့ ဒီမိုကရေစီ အရေခြုံ သစ္စာဖောက်လောက်ကောင်တွေအကြောင်း နာမည်နဲ့ တကွ ကျွန်တော် ဆက်ရေးပါမယ်။(ဒီစာကိုဖတ်ပြီး ဖုန်းကိုအကြောင်း ထပ်ပြောပြချင်သူတွေ ရှိခဲ့ရင် ကျွန်တော် ချက်ဘောက်က ဆက်သွယ်လိုက်ပါ)။
ကျော်ထွန်း
မင်းကျော်ကျော်ထွန်း (မော်လမြိုင်)
၂၀၁၆ မတ်လ ၇-ရက်။