Friday 12 October 2012

RFA fired excellent correspondent Ko Nyo for daring to complain -

--- From: Subject: To: Date: Friday, October 12, 2012, 3:02 AM အာအက်ဖ်အေ.. ဘယ်ဆီကိုရွေ့နေလဲ (ကိုညို) နေ့သစ် .. http://www.naytthit.net/?p=31143 မူလလမ်းကြောင်းနဲ့ သွေဖီနေပြီ RFA မြန်မာပိုင်းမှာ ၁၄ နှစ်ကျော်ဆက်တိုက်သတင်းလုပ်လာတဲ့ ကျနော့ကို၊ ဒီနှစ် အောက်တိုဘာမှာ ဘာမပြောညာမ ပြော ထုတ်ပစ်လိုက်တဲ့အတွက် မိတ်ဆွေတွေ၊ သောတရှင်တွေကဖုန်းနဲ့ရော၊ ချပ်တင်တွေရော၊ FaceBook စာမျက်နှာ တွေကပါနှစ်သိမ့်အားပေးတာ၊ စာဆက်ရေးနေဘို့ တိုက်တွန်းတာတွေအပြင်၊ ဘာကြောင့် အလုပ်ထုတ်ခံရတာလဲ? အာအက်အေ က မြန်မာ့ဒီမိုကရေစီအရေး အားပေးတာဘဲမို့လား?.. နောက်ထပ်လူတွေထုတ်အုံးမယ်ဆို..? ဘာညာသ တင်း တွေမေးကြတယ်။ အလုပ်ကထုတ်ခံရတဲ့ ဒီလိုကာလမှာ ကျနော် အာအက်ဖ်အေအကြောင်း သိတ်မရေးချင်ဘူး။ ဆန္ဒဇောတွေပါမှာစိုးလို့ပါ။ တဘက်ကလည်း ကိုယ့်စာဖတ်ပရိသတ်သိသင့်တာ၊ သိချင်တာကိုအသိမပေးဘဲ ထိန်ချန်ထားရင် သတင်းသမား အာ ပတ်သင့်တာမို့ အတော်လေးစဉ်းစားပြီး ရေးလိုက်ပါပြီ။ ဟိုးတုန်းက.. အာအက်ဖ်အေ မြန်မာပိုင်းဋ္ဌာနဟာ မြန်မာပြည်ဒီမိုကရေစီရေးအတွက်ရော ပြည်သူတွေအတွက်ရော လာ ခြင်းကောင်းခဲ့တယ်။ သတင်းလွတ်လပ်ခွင့်ပျက်သုန်းနေတဲ့ တိုင်းပြည်အတွက် အားကောင်းမောင်းသန် ဖြစ်ခဲ့တယ်။ သ တင်းမှန်တွေနဲ့ အများပြည်သူ သိသင့်သိထိုက်တဲ့သတင်းတွေကို စစ်အာဏာရှင်တွေ သံကွန်ခြာအထပ်ထပ်ကာ၊ ပြည် သူတွေကို ပါးစပ်ပိတ်၊ နားပိတ်ပြီး ဓားမိုးခြိမ်းခြောက်တဲ့ကြားက ဖောက်ထုတ်နှိုက်ယူခဲ့ကြတယ်။ သတင်းထောက်တွေနဲ့ အဖိနှိပ်ခံပြည်သူတွေ၊ ပြည်သူ့ရှေ့ဆောင်နိုင်ငံရေးသမားတွေ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးကို အားပေးတဲ့ နိုင်ငံအရေးလှုပ်ရှားတက်ကြွသူတွေ အတူလက်တွဲပြီး အချိတ်အဆက်မိမိနဲ့ သတင်းတွေဖော်ထုတ်နိုင်ခဲ့တယ်။ ပြည်တွင်း ပြည်ပသာမက၊ နိုင်ငံတကာသတင်းလောကမှာပါ အသိအမှတ်ပြုမှု၊ ကိုးကားတင်ပြမှုတွေရခဲ့သလို၊ အာဏာရှင်တွေ ဖိန့် ဖိန့်တုန်အောင်ကြောက်ခဲ့တဲ့ မီဒီယာတခုအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာ အားလုံးသိကြတယ်။ ဒါပေမဲ့ ဒီကနေ့အာအက်ဖ်အေ (မြန်မာပိုင်း) ဟာ အရင်ကလျှောက်ခဲ့တဲ့လမ်းနဲ့ ပြောင်းပြန်လျှောက်နေတာကို မြင်နေရပြီ။ အဖိနှိပ်ခံပြည်သူတွေဘက်ကသတင်းတွေ မထုတ်နိုင်ဘဲ၊ ဖိနှိပ်အုပ်ချုပ်နေသူတွေရဲ့ဝါဒဖြန့်တာတွေကို ဦးစားပေးလာ တယ်။ ပြည်သူတွေ သိသင့်သိထိုက်တဲ့သတင်းတွေ၊ ဘယ်လောက်ပိတ်ဆို့ထားထား ကြိုးစားဖော်ထုတ်ရမဲ့အစား၊ ပြည် တွင်းအပတ်စဉ်ထုတ် သတင်းစာနဲ့မဂ္ဂဇင်း၊ ဂျာနယ်တွေမှာဖော်ပြနေတဲ့ ထူးမခြားနားသတင်းတွေကိုပဲ အချိန်ကုန်၊ ငွေ ကုန်ခံ အသံလွှင့်နေတယ်။ တနည်းပြောရရင် ပြည်တွင်းမှာ အာအက်ဖ်အေရုံးလေး တရားမ၀င် (နားလည်မှုလေးနဲ့) ဖွင့်နိုင်ဘို့အတွက်ကိုပ၊ဲအစိုးရ အသားပေးသတင်းတွေ လွှင့်ထုတ်ပြီး အာအက်ဖ်အေ ရဲ့ ဂုဏ်သိက္ခာကို ရောင်းစားနေတယ်။ သတင်းအချက်အလက် မှန်တွေ၊ ပြည်သူတွေရဲ့အသံစစ်စစ်တွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် ရွေးကောက်ထားတာမဟုတ်တဲ့၊ တရားဝင် အစိုးရမဟုတ်တဲ့ ၀ါဒဖြန့်အသံတွေနဲ့ ဖုံးအုပ်နေတယ်။ ပြောချင်တာက အာအက်ဖ်အေလမ်းလွဲကို ဦးတည်နေတယ်။ မူလ ဦးတည်ထားတဲ့ လမ်းကြောင်းမှန်ကနေ သွေဖီနေတယ်။ လမ်းမှားကိုသွားနေတယ်ဆိုတာပဲ။ အာအက်ဖ်အေ ဘယ်ကလာတာလဲ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်ကာလမှာ ကိုလိုနီလက်အောက်က လွတ်မြောက်စနိုင်ငံတွေ ပေါ်လာတာကြောင့် ၀ါဒရေးရာအားပြိုင်မှုတွေက ရှေ့တန်းရောက်လာတယ်။ အားလုံးသိတဲ့အတိုင်း အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ် စုက ဆိုဗီယက်ဦးဆောင်တဲ့ ကွန်မြူနစ်အတွေးအခေါ်က ရှေ့ဆောင်တဲ့ အရှေ့ဥရောပနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်း နိုင် ငံတွေနဲ့ အာရှအလယ်ပိုင်းနိုင်ငံတွေကို ဒီမိုကရေစီအတွေးအခေါ်နဲ့ ၀ါဒဖြန့်ဘို့ ကျိုးပမ်းတယ်။ ဒီလိုနည်းနဲ့ ၁၉၅၀ လောက် မှာ RFE (Radio Free Europ) ဆိုတာ ပေါ်လာတယ်။ ရေဒီယိုတွေကနေ အဲဒီ နိုင်ငံတွေကသတင်းတွေ၊ ဒီမိုကရေစီ နိုင် ငံတွေရဲ့အောင်မြင်ဖွံ့ဖြိုးမှုတွေကို သတင်းဆောင်းပါးတွေ၊ တေးသီချင်းတွေနဲ့ ၀ါဒဖြန့်တယ်။ အဲဒီ အတွေးအခေါ်တိုက်ပွဲ မှာ အမေရိကန်ကအကြီးအကျယ် အောင်မြင်တယ်။ ကွန်မြူနစ်ဝါဒကို ဆင်းရဲသားဝါဒလို မြင်သွားကြတယ်။ နောက်ပိုင်း နှစ်တွေမှာ နိုင်ငံတော်တော်များများ ကွန်မြူနစ်ဆန့်ကျင်ရေးတွေ ကြွေးကြော်လာတဲ့အထိ ဖြစ်လာတယ်။ အနှစ် ၄၀ နီးပါး ကြာတော့ အရှေ့ဥရောပတခုလုံး ဒီမိုကရေစီနိုင်ငံတွေ ဖြစ်ကုန်တယ်။ ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတယ်။ RFE ရေဒီ ယိုရဲ့အောင်မြင်မှုဟာ အဲဒီမှာတင် မရပ်သွားဘူး။ အာရှတိုက်က နဂါးတကောင်ရဲ့ အန္တရာယ်ကလည်းရှိနေပြန်တော့ လေ လှိုင်းစစ်ပွဲကို အဲဒီဘက်ဦးတည်ဖို့ အမေရိကန်က ပြင်ဆင်တယ်။ ဒါနဲ့ပဲ (၁၉၉၆) မှာ RFAလွတ်လပ်သောအာရှအသံပေါ်လာတယ်။ RFA ရဲ့ မဟာဗျူဟာက တရုတ်ကွန်မြူနစ်ဝါဒ ဖြစ် တယ်။ မန်ဒရင်း၊ ကန်တုန်၊ ဝီဂေါ်..ဆိုတဲ့ တရုတ်ဘာသာချည်း (၃) မျိုးနဲ့ ၂၄ နာရီ အသံလွှင့်ပြီး ၀ါရှင်တန် ဒီစီ မှာတင် တရုတ်ဝန်ထမ်းပေါင်း (၁၀၀) ကျော်လောက်ရှိတယ်။ အကြီးဆုံးပဲ။ သိတ်လည်းအောင်မြင်နေတယ်။ တရုတ်အစိုးရက (တချိန်က မြန်မာစစ်ခေါင်းဆောင်တွေလိုပဲ) RFA အင်တာနက်လိုင်းကို ပိတ်ထားတယ်။ ဒါပေမဲ့ တရုတ်တခုထဲရည်ရွယ် ပြီး ရေဒီယိုဋ္ဌာနကြီးထောင်ထားတာဆိုရင်လည်း RFA ပေါ်လစီနဲ့ မညီတော့ တခြားအာရှက ကွန်မြူနစ်သြဇာခံတွေနဲ့ အာဏာရှင်နိုင်ငံတွေကို ဦးနှောက်ဆေးကြောဖို့ ဖြစ်လာတယ်။ ဒါကြောင့် တိဘက်၊ မြန်မာ၊ လာအို၊ ကမ္ဘောရီးယား၊ ဗီ ယက်နမ်၊ မြောက်ကိုးရီးယားနိုင်ငံတွေရော..ဘာသာစကား (၉) မျိုးနဲ့ လွှင့်ပါတယ်။ မြန်မာပိုင်းဌာန အဦးအစ မြန်မာဌာနက (၁၉၉၇) အစောပိုင်းမှာ စထူထောင်ဖြစ်တယ်။ ပထမဆုံး (၄) ဦးနဲ့ စတယ်။ ညွှန်ကြားရေးမှူး ဦးစိုးသင်း (မြန်မာသံတမန်ဟောင်း)၊ ဦးဝင်းဖေ (စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ) ဦးသိန်းထိုက်ဦး (ယခုVOA) ဦးမြင့်သိန်း (ယခင် မြန်မာ့အလင်း) တို့ ဖြစ်တယ်။ နောက်ပိုင်းမှာ ဒေါ်ငြိမ်းရွှေ (လက်ရှိ မြန်မာပိုင်းဌာနမှူး) ဒေါ်ခင်မျိုးထွေး (ခေတ်ပြိုင် သ တင်းစာ အယ်ဒီတာဟောင်း) တို့နဲ့ အားဖြည့်ပြီး မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နိုင်ငံခြားသတင်းတွေ၊ အာရှသတင်းတွေ ဘာသာ ပြန်လွှင့်တယ်။ နောက်တော့ ကိုအောင်ဇော်(ဧရာဝတီမဂ္ဂဇင်း) ဦးတင့်ဇော် (စာရေးဆရာ၊ တကသ ခေါင်းဆောင်ဟောင်း) တို့လို ထိုင်းနိုင်ငံက သတင်းထောက်တွေနဲ့အားဖြည့်ပြီး ပြည်တွင်းနဲ့၊ နယ်စပ်သတင်းတွေ အတိုက်အခံလှုပ်ရှားမှုသတင်း တွေ ဖော်ပြလာတယ်။ အဲဒီနောက်ပိုင်း ဦးခင်မောင်ငြိမ်း (ယခင် မြန်မာ့အသံရုပ်မြင်သံကြား) ဒေါ်တင်ထားဆွေ (ယခုဘီဘီစီဌာနမှူး) တို့ ၀င်လာ သလို ၁၉၉၈ ထဲမှာ ကျနော်လည်း အိန္ဒိယနဲ့ မြန်မာပြည်အနောက်ဘက်ခြမ်း သတင်းထောက်အဖြစ် တာဝန်ထမ်းခဲ့တယ်။ (ဒါပေမဲ့ ကျနော်ဟာ အာအက်ဖ်ရဲ့ ပုံမှန်လခစားဝန်ထမ်းမဟုတ်သလို၊ အာအက်ဖ်အေ၀ိုင်းတော်သားလည်း မဟုတ်ခဲ့ပါ၊ အာအက်ဖ်အေက တနှစ်တခါ စာချုပ်ချုပ်ဌားရမ်းတဲ့ အကြီးတန်း သတင်းထောက်တယောက်သာ ဖြစ်တယ်) နောက် ပိုင်းတော့ ၀န်ထမ်းတွေ တဖြေးဖြေးတိုးချဲ့လာတာ အခုဆို ၀ါရှင်တန်ဒီစီရုံးချုပ်မှာတင် ၀န်ထမ်းဦးရေ (၃၀) လောက်ရှိ တယ်။ အာအက်ဖ်အေရေဒီယိုဟာ၊ အသံလှိုင်းကြည်လင်ပြီး မြန်မာနိုင်ငံဆိုင်ရာ သတင်းတွေချည်းပဲ မနက်တခါ ညတခါ တနာ ရီစီ အသံလွှင့်တာမို့ မြန်မာပြည်ထဲက သောတရှင်တွေရဲ့ အားပေးထောက်ခံမှုတွေ ရခဲ့တယ်။ စစ်အာဏာရှင်တွေ အမျိုး မျိုးပိတ်ဆို့နှောက်ယှက်ပြီး ဒုက္ခမျိုးစုံပေးတဲ့ကြားက မျိုးချစ်ပြည်သူတွေ အကူအညီနဲ့ ကျနော်တို့ ပြည်ပကနေ၊ တယ်လီဖုံး လိုင်းတခုထဲအားကိုးပြီး ပြည်တွင်းသတင်းတွေ ရယူခဲ့ကြတယ်။ ထားပါတော့.. ပြည်တွင်းသတင်းတွေကို အဲဒီကာလက ဘယ်လိုနှိုက်ထုတ်ခဲ့ရတယ်ဆိုတာကို နောက်ကြုံမှပြောတော့မယ်။ အခုပြောချင်တာက RFA ဘယ်ကလာပြီး ဘယ်သွား နေလဲဆိုတာပါ။ အာအက်ဖ်အေရဲ့ မူလလမ်းကြောင်းမှန် အရင်ကရော၊ ဒီကနေ့အထိ အာအက်ဖ်အေရဲ့ မပြောင်းမလဲချထားတဲ့မူဝါဒက ဘာလဲ၊ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်ကို ဦးတည်မလဲဆိုတာ အာအက်ဖ်အေ မြန်မာပိုင်းအင်တာနက် ၀က်ပ်ဆိုဒ်ထဲမှာ အခုလို အတိအကျဖော်ပြထားပါတယ်။ “လွတ်လပ်သောအာရှအသံ၊ အာအက်ဖ်အေရဲ့တာဝန်နဲ့ရည်ရွယ်ချက်မှာ.. သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့် မရှိသော အာရှနိုင်ငံများမှ သောတရှင် များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များအား ထုတ်လွှင့်ပေးရန်ဖြစ်သည်။ လွတ်လပ်သောအာရှအသံသည်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ချမှတ်ထားသည့်၊ ပဓာနကျသည့် ကျင့်ဝတ်စည်းကမ်းများအား တစိုက်မတ်မတ် လိုက်နာကျင့်သုံးသွားမည်။ ကိစ္စများ ဆုံးဖြတ်ဆောင်ရွက်ရာ၌ မရှိမဖြစ် လိုအပ်သော သတင်းအချက်အလက်များအား၊ သောတရှင်များ အကြားအမြင်များစေရန်အတွက်၊ လွတ်လပ်သောအာရှ အသံက ထုတ်လွှင့်ပေးနေပါသည်။ ကျွန်ုပ်တို့၏ တာဝန်မှာ တိကျမှန်ကန်သော၊ အချိန်ကိုက်လည်းဖြစ်သော သတင်း၊ သတင်းအချက်အလက်များနှင့် ဝေဖန်သုံးသပ်ချက်များကို ထုတ်လွှင့်ပေးရန်၊ အာရှနိုင်ငံများက ပြည်သူများအနေဖြင့်၊ မိမိတို့၏ အမြင်အယူအဆအမျိုးမျိုးကို လွတ်လပ်သောအာရှအသံမှတဆင့် ထုတ်ဖော်ပြောဆိုနိုင်ရန် ဖြစ်သည်” ဒီနေရာမှာ စာဖတ်ပရိသတ်တွေနှိုင်းယှဉ်နိုင်ဘို့ တချိန်က RFA ရဲ့ မူဝါဒမှန်နဲ့အညီ ဘယ်လိုလှုပ်ရှားခဲ့လို့ ဘယ်လိုအကျိုး သက်ရောက်လာခဲ့တယ်ဆိုတာ နည်းနည်းပြောပြဖို့ လိုမယ်။ ကျနော်တို့အားလုံး နားလည်ခံယူထားတာက RFA ဟာ သတင်းအမှောင်ချခံနေရတဲ့ လူ့အဖွဲ့အစည်းထဲက ပြည်သူတွေ သတင်းအချက်အလက်မှန်တွေရရှိစေဘို့၊ ပြီးတော့ ဒီမို ကရေစီရဲ့ အခြေခံ ရေသောက်မြစ်လည်းဖြစ်၊ အရေးကြီးတဲ့ အစိတ်အပိုင်းတခုလည်းဖြစ်တဲ့လွတ်လပ်စွာ ပြောရဲ ဆိုရဲ ချင်တဲ့စိတ်တွေပေါ်လာအောင် မြှင့်တင်ပေးဘို့၊ အကြောက်အလန့်ကင်းကင်းနဲ့ မိမိတို့ လိုအင်ဆန္ဒကိုထုတ်ဖော်ဘို့၊ အ ထူးသဖြင့် ပြောခွင့်ဆိုခွင့်မရတဲ့အသံတွေ၊ အဖိနှိပ်ခံအသံဖော်ထုတ်ပေးဘို့ဆိုတာ RFA ရဲ့ အဓိက ရည်မှန်းချက် ဖြစ် တယ်။ အာအက်ဖ်အေ ဘာတွေလုပ်နိုင်ခဲ့လဲ? အာအက်ဖ်အေ ထူထောင်လာတာ အခုဆို ၁၆ နှစ် ရှိသွားပြီ။ အောင်မြင်တယ်လို့ ပြောရမယ်။ မြန်မာအပါအ၀င်၊ အာ အက်ဖ်အေ အသံလွှင့်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေ (မြောက်ကိုးရီးယားနဲ့ တရုတ်ကလွဲလို့) ထိရောက်တဲ့ အပြောင်း အလဲတွေ ဖြစ်သွားပြီ။ တရုတ်နဲ့ မြောက်ကိုးရီးယားလည်း ဒီမိုကရေစီမုန်တိုင်းဒါဏ်ကို အလူးအလဲခံနေရတာပါ။ မြန်မာ ပြည်မှာဆို.. ကျနော်တို့ သတင်းထောက်လုပ်ခါစက အခုလိုလက်ကိုင်ဖုန်းတွေ ဝေေ၀ဆာဆာပေါ်နေတာ မဟုတ်ဘူး၊ လမ်းဘေးဖုံးနဲ့ ချိန်းဆက်ပြောရတာ။ ဖုန်းလိုင်းဖျက်တာ၊ ဆူညံတာ၊ အသံခိုးနားထောင်တာ၊ ပြည်ပရေဒီယိုနဲ့ စကားပြော ရင်ဖုံးလိုင်းဖြတ်တောက်တာ... ဒုက္ခပေးတာ အစုံအစုံ..။ ပြည်သူတွေ သတင်းပေးချင်၊ ပြောချင်ပေမဲ့ ကြောက်ရတယ်၊ ကိုယ်သိတာတောင် မပြော၊ မဆိုရဲတဲ့ ဘ၀။ ပြည်တွင်းထဲ လူလွှတ်ပြီးတနည်း၊ လူမွေးပြီးတသွယ် သတင်းတွေယူရတယ်။ ကိုယ်မိသားစုနဲ့ ကိုယ်ပါဒုက္ခရောက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတောင် ပြည်ပရေဒီယိုကမေးရင် ရေလုံနှုတ်ပိတ်နေနေကြတဲ့ ဘ၀။ ရေဒီယိုသတင်းတောင် ကျယ် ကျယ် နားမထောင်ရဲတဲ့ ဘ၀၊ သတင်းမေးတာတောင် ကြိမ်းမောင်းပြစ်တင်ခံရတဲ့ဘ၀တွေ ကနေ “ဟိုကတော့..ပြောနေပြီ၊ ငါတို့လည်းပြောမှဖြစ်မယ်”၊ “ရေဒီယိုကသတင်းပါရင် စစ်တပ်ကမလုပ်ရဲဘူး”၊ “ရေဒီယိုကအသံလွှင့်လိုက်လို့ ရဲက ငွေမတောင်းရဲတာ”။ “အာအက်ဖ်အေ သတင်းကြောင့် အဖမ်းမခံလိုက်ရတာ”..ဆိုတာမျိုးတွေအထိ ပြည်သူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ လာတာ၊ ပြောရဲဆိုရဲနဲ့ အမြင်ကျယ်လာတာ။ လူ့အခြေခံအခွင့်အရေးကို သဘောပေါက်လာတာ၊ ဒီမိုကရေစီ လိုလားစိတ် ပိုမိုပြင်းထန်လာတာဟာ ရေဒီယိုတွေရဲ့ မှန်ကန်တဲ့လမ်းစဉ်နဲ့ စေတနာတွေ၊ အားထုတ်မှုတွေကြောင့်ပါ။ အာအက်ဖ်အေ မြန်မာပိုင်းပေါ်လာပြီးတဲ့နောက် ထင်ရှားကြီးမားတဲ့ သမိုင်းဖြစ်စဉ်တွေကို အများပြည်သူသိအောင် သ တင်း ဖော်ထုတ်နိုင်ခဲ့တယ်။ အကုန်အစင်မမှတ်မိဘူး။ ဥပမာတချို့တော့ထုတ်ပြပါ့မယ်။ ၁၉၉၅ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး ပြည်တွင်းလှုပ်ရှားမှု ခရီးစဉ်သတင်းတွေ၊ ၁၉၉၈ ပြည်သူ့လွှတ်တော် ခေါ်ယူရေး NLD အမတ်ကျိုးပမ်းလို့ ဖမ်းခံရတာ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ၂၀၀၀ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လမ်း ပိတ်ခံရတဲ့သတင်းတွေ၊ ၂၀၀၃ ဒီပဲရင်းရာဇ၀တ်မှုနဲ့ တိမ်းရှောင်သူတွေနဲ့ ဖော်ထုတ်ချက်တွေ အစိုးရခေါင်းဆောင်တွေ၊ ခြစားမှု၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေး၊ အကျဉ်းထောင်ထဲက လူ့အခွင့်အရေးချိုးဖောက်မှု သတင်းဖော်ထုတ်ချက်တွေ ၈၈ ကျောင်းသားလှုပ်ရှားမှုတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် ဖမ်းခံရသတင်း၊ စစ်ထောက်လှမ်းရေးတွေ အစုလိုက်အပြုံ လိုက် ဖမ်းဆီးခံရမှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြောင်း၊ ဒုက္ခသည်ဘ၀၊ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေ၊ ကျောင်းသားလှုပ်ရှားမှုတွေ၊ ခေါင်းဆောင်ဖမ်းခံရသတင်း၊ အကျဉ်းထောင်ထဲ က သတင်းဖော်ထုတ်မှုတွေ၊ အစိုးရခေါင်းဆောင်တွေ၊ ခြစားမှု၊ ရာဇ၀တ်မှု၊ လူ့အခွင့်အရေးပြသနာတွေ အဆက်မပြတ် ဖော်ထုတ်ခဲ့ကြတယ်။ ပြည်ပသတင်းလောကနဲ့အမေရိကန်ကသတင်းစာတွေမှာတောင် အာအက်အေ သတင်းတွေကို ကိုးကားရေးသားခဲ့ကြတယ်။ နိုင်ငံရေးအဖွှဲ့အစည်းတွေ၊ လူ့အခွင့်ရေးအဖွဲ့တွေ၊ NGO တွေလည်း အချက်အလက်တွေ ယူရတယ်။ အဲလို သတင်းတွေဖော်ပြနိုင်ဘို့ ကျနော်တို့ နယ်သတင်းထောက်တွေဟာ တယ်လီဖုန်းခတွေ အိတ်ဆိုက်အကုန်ခံ၊ အန္တရာယ်ရှိမှန်းသိရက် နယ်စွန်နယ်ဖျား၊ သူပုန်စခန်းတွေ၊ စစ်ပွဲတွေရှိရာသွားပြီး သတင်းယူရတယ်။ ပြည်တွင်းထဲ ခိုးဝင် ရတယ်။ အသက်အန္တရာယ်တွေကြုံခဲ့တယ်။ အဖမ်းဆီးခံခဲ့ရတယ်။ အဲလို စွန့်စွန့်စားစားလုပ်ကြတဲ့အရာတွေဟာ ၀ါသနာ တခုထဲကြောင့် မဟုတ်ဖူး၊ ပြည်သူတွေသတင်းမှန်၊ အဖြစ်အပျက်မှန်တွေသိစေချင်လို့၊ မြန်မာပြည် သတင်းလွတ်လပ်ခွင့် ရချင်လို့၊ ဒီမိုကရေစီရချင်လွန်းလို့ဆိုတဲ့ တွန်းအားတွေလည်းပါတယ်။ ဒါပေမဲ့ လွမ်းစရာပါပဲ။ တချိန်တုန်းက ကျနော်တို့ တတွေ ယုံကြည်ချက်တွေနဲ့ လုံ့လစိုက်ထုတ်တည်ဆောက်ခဲ့ကြတဲ့ အာအက်ဖ်အေ ရဲ့ အနှစ်သာရနဲ့ Image ဟာ တဖြေးဖြေး မှေးမှိန်လာနေပါပြီ။ ဒီနေ့ အာအက်ဖ်အေ ဘယ်သွားနေလဲ ဆရာဗန်းမော်တင်အောင်ရဲ့ “ကျနော်” ဆိုတဲ့ ၀တ္တုလေး ကျောင်းသားဘ၀ကဖတ်ဖူးတယ်။ သတင်းစာသမားတယောက် က ကိုယ့်အတ္တကို ကိုယ်ပြန်စစ်ဆေးတဲ့ဝတ္တုလို့ မှတ်မိတယ်။ ပြည်သူ့ဘက်ကရပ်တဲ့ သတင်းစာလို့ ကြော်ငြာကောင်းပြီးမှ၊ အစိုးရမင်းစိုးရာဇာတွေရဲ့ စားသောက်ဧည့်ခံပွဲတွေတက်၊ ၀န်ကြီးတွေ၊ သာပေါင်းညာစား ကုမ္ပဏီပိုင်ရှင်တွေနဲ့ပေါင်း (ဒီခေတ်အခေါ်ခရိုနီပေါ့)၊ သူတို့ကောင်းကြောင်းနဲ့ စီးပွားရေး သတင်း၊ ရေပေါ်ဆီသတင်းတွေကို အမည်ခံပြည်သူ့သတင်းစာမှာ လှိုင်လှိုင်ကြီးဖော်ပြ၊ ပြည်သူ့အာဘော်တွေမေ့နေတဲ့ သတင်းစာဆရာကြီးဟာ ညစဉ်သံတမန်တွေနဲ့ ၀န်မင်းတွေ၊ ခရိုနီတွေရဲ့ဧည့်ခံပွဲကအပြန် အင်းယားကန်ဘောင်ဘက် လေညှင်းခံတယ်။ အဲဒီအချိန် သူ့ရဲ့ကိုယ်ပွား (သူ့နာမည်တူနဲ့ နာမ်ဝိဥာဉ်) က သူ့လုပ်ရပ်တွေအားလုံးကို တခုချင်းစီ ဝေ ဖန်တိုက်ချွတ်တဲ့အကြောင်းပါ။ ကျနော် မှတ်မိနေတာလေးက.. အဲဒီသတင်းစာဆရာကြီးရဲ့ ကိုယ်ပွားကြီးမလာခင် အမြဲ တမ်း အင်္ဂလိပ်တေးသွားလေးတပုဒ်ကို လေချွန်ပြီးပေါ်လာတာလေးပဲ။ သူ လေချွန်တဲ့တေးသွားရဲ့စာသားက “ဂျောက်ကမ်းပါးတွေထူပေါတဲ့ လမ်းပေါ်မှာ မျက်မမြင်က လမ်းပြနေတာ အဓိပ္ပါယ် ရှိပါ့မလားကွယ်” ဆိုတဲ့ အပိုဒ်တဲ့။ အခုလည်း ဆရာဗန်းမော်တင်အောင် ၀တ္တုထဲကသီချင်းလို မီဒီယာမျက်ကန်းတွေ လမ်းပြတာကြောင့် ပြည်သူတွေ ချောက်ကမ်းပါးထဲ ဒလိမ့်ခေါက်ကွေးကျတော့မဲ့ပုံစံမျိုး မြင်နေရလို့ပါ။ သတိထားမြင်ကြည့်ရင် အတော်လေးအန္တရာယ် ကြီးတာ တွေ့ရမယ်။ တချိန်တုံးက အာဏာရှင်တဖြစ်လဲ အစိုးရနဲ့ ၀န်ကြီးတွေ ခရိုနီတွေကို ပြောချင်ရာပြောဆိုပြီး မိုက်ကရိုဖုန်း ပါးစပ်ထဲတေ့ လွှတ်နေတဲ့ ကိစ္စပဲ။ စဉ်းစားကြည့်လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀) လောက်ကတည်းက မီဒီယာလောကကြီးတခုလုံးကို ထင်သ လိုကြဲ အနိုင်ယူဘိုကျခဲ့သလို၊ ရှိတဲ့သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားကိုလည်း အပိုင်စီးလိုက်ရုံနဲ့အားမရ၊ စာပေ ကင် ပေတိုင်တွေဖွဲ့ပြီး စာနယ်ဇင်းလောကကို အမျိုးမျိုးချယ်လှယ် ဒုက္ခပေးခဲ့ကြတယ်။ ဒါနဲ့တောင်… ပြည်ပကရေဒီယို (၄) လေးလုံးကို မယှဉ်နိုင်ခဲ့ဘူး။ နောက်ဆုံး အဲဒီရေဒီယိုတွေကို အထဲခန ၀င်ခွင့်ပေး၊ တရားမ၀င် အခန်းလေးငှားနေခိုင်းပြီး သူတို့ အာဘော်တွေထဲ့ဝါဒဖြန့်ဘို့ ကျိုးစားတယ်။ (ကိုယ်က အနိုင်ကနေ ရှုံးရအုံးမယ်)၊ ကိုယ့်ရေဒီယိုတွေကလည်း ကိုယ့် သောတရှင်တွေကိုရော၊ ပြည်သူတွေကိုရော၊ တိုင်းပြည်ကိုရော၊ ကိုယ့်ရေဒီယိုမူဝါဒနဲ့ ရပ်တည်ချက်ကိုရောသစ္စာမဲ့လိုက် တယ်။ ဒါနဲ့တောင်မကျေနပ်ဘူး ကိုယ့်အသားတောင်ကိုယ်လှီးထုတ်လိုက်သေးတယ်။ သတင်းဌာနရုံးဖွင့်ခွင့် တရားဝင်သဘောတူညီချက်နဲ့ရပြီဆိုလဲတော်သေးရဲ့၊ အခုတော့ အစိုးရကသိသာသိစေ၊ မမြင်စေ နဲ့ ပုံစံမျိုး (သူခိုးဂျပိုးပုံစံ) ကုမ္မဏီလိမိတက်လိုလို ဘာလိုလို နာမည်ခံခိုင်းပြီး တရားမ၀င်ရုံးခန်းဖွင့်ရတာမျိုး။ ဒါပေမဲ့ ကိုယ် ပေးလိုက်ရတာက အချီကြီး။ အစိုးရသဘောမတွေ့တဲ့ သတင်း၊ စစ်တပ်မလိုလားတဲ့သတင်းဆို သတင်းမလုပ်ရဘူး။ ပါး စပ်ပိတ်နေရတယ်။ ကချင်စစ်ဒေသကို သတင်းသွားယူခွင့်မပေးဘူး။ ခလေးစစ်သားသတင်း ရှိနေတာတောင် မလုပ်ကြ ဘူး။ တကယ်တော့ ခလေးစစ်သားတွေရှိနေတုံး။ ပြည်သူတွေအတွက် အကျိုးရှိပြီး လုပ်သင့်လုပ်ထိုက်တဲ့သတင်းတွေက အများကြီး၊ သတင်းလွတ်လပ်ခွင့်ရှိနေပြီလို့ ပြောနေတဲ့အသံကအကျယ်ကြီး၊ လုပ်ကြပါတော့လား..။ အထဲမှာ ပိုတောင် သိနိုင်၊ ပိုတောင်လုပ်နိုင်သေးတယ်။ အစိုးရ၀န်ကြီးတွေနဲ့ ခရိုနီတွေအပါအ၀င် နိုင်ငံခြားကုမ္မဏီတွေရဲ့ ပြည်သူ့အကျိုးစီးပွား မျက်ကွယ်ပြု စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ပွင့်လင်းမြင်သာမှုမရှိတာတွေကို ဖော်ထုတ်ရအုံးမယ်။ ဦးပိုင်လိမိတက်ရဲ့ လာဘ်စားမှု၊ ဆည်မြောင်းဝန်ကြီး ဌာန၀န်ကြီး ဦးမြင့်လှိုင်နဲ့ အရင်ဝန်ကြီးဟောင်း ဦးဋ္ဌေးဦးတို့ လာဘ်စားမှုနဲ့ ဓနအင်အားတွေ၊ လွတ်တော်ကိုယ်စားလှယ် တွေနဲ့ အရင်စစ်ခေါင်းဆောင်ဟောင်းတွေရဲ့ပိုင်ဆိုင်မှုမပြရဲတာတွေ ဘာကြောင့်လဲ ဆိုတာတွေ။ ရန်ကုန်မြို့လည်၊ လူကုံ တန်ရပ်ကွက်က ၅ လောင်းပြိုင် လူသတ်မှု၊ ဘိန်းဘုရင်တွေ၊ ခရိုနီတွေနဲ့စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်ကြီးတွေရဲ့ ပုလင်း တူဗူးဆို့ စီးပွား ရေးတွေ၊ ဒီနေ့ အမေရိကန်စီးပွားဖွင့်လိုက်လို့ ငွေမဲကိုငွေဖြူဖြစ်အောင် လုပ်နေတာတွေ၊ နိုင်ငံခြားထွက် တဲ့ ခေါင်းဆောင်တွေနဲ့ ကပ်လိုက်သွားတဲ့ စီးပွားရေးသမား ခရိုနီတွေအကြောင်း။ မီဒီယာလွတ်လပ်တယ်ဆိုရင် ဒါတွေ ဖော်ထုတ်ရမယ်။ မဖော်ထုတ်ရင် မီဒီယာသမား တာဝန်မဲ့တာပဲ။ နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ ခြိမ်း ခြောက်မှုကို ထိတ်လန့် ပြီး ငြိမ်ငြိမ်လေးနေမယ်ဆို၊ မီဒီယာအလုပ်ကို စွန့်လွှတ်ဖို့ပဲရှိတော့တယ်။ ကဲ..ဟုတ်ပြီ၊ ဒါတွေ ဒီအချိန် လုပ်လို့မရဘူး၊ အခြေအနေက သိတ်မကောင်းဘူး။ အန္တရာယ်ရှိတဲ့သတင်း၊ အငြိုအငြင်ခံရမဲ့သတင်းမျိုးမို့ မလုပ် ရဲဘူးဆိုတာ သဘာဝကျတယ်။ သဘာဝမကျတာက အဲလို အန္တရာယ်ရှိတယ်၊ အငြိုအငြင်ခံတယ်ဆိုရင် သတင်းမှနှ်ပေါ် ထွက်ပါ့မလား? သတင်းမှန်တွေဖော်ထုတ်လို့ မရမှတော့ အထဲမှာရုံးဖွင့်ပြီး သတင်းထောက်တွေရာနဲ့ချီခန့်၊ သတင်းပို့ လည်း၊ ဘာထူးမှာလဲ? အာအက်ဖ်အေရဲ့မူဝါဒကို ပြန်ကြည့်၊ ထိတ်ဆုံးမှာရေးထားတာကိုက ... “သက်ဆိုင်ရာ အစိုးရများ၏ ပိတ်ပင်ဟန့်တားမှုများကြောင့်၊ သတင်းလွတ်လပ်ခွင့်မရှိသော အာရှနိုင်ငံများမှ သောတရှင် များထံ၊ တိကျမှန်ကန်ပြီး၊ အချိန်ကိုက်ဖြစ်သော သတင်းနှင့် သတင်းအချက်အလက်များအား ထုတ်လွှင့်ပေးရန် ဖြစ် သည်” .. တဲ့။ အဲလိုသတင်းအချက်အလက်မှန်တွေအသိပေးလို့မရတော့ဘူးဆိုရင်..ဘာအကျိုးရှိမှာလဲ ရန်ကုန်မြို့လည်ခေါင်မကလို့ ကာကွယ်ရေးဦးစီးချုပ် အိမ်ခေါင်မိုးပေါ်မှာပဲ အသံလွှင့်ရုံးခန်းကြီး ဖွင့်နိုင်စေအုံးတော့.. သူတို့ရဲ့မတရားခြစားမှု၊ ပြည်သူနဲ့ နိုင်ငံအပေါ်တာဝန်မကြေမှု၊ သစ္စာဖောက်မှုတွေကို ရေငုံနှုတ်ပိတ်နေရင်.. ဘာမှအကျိုးမရှိဘူး။ တချိန်တုံးက စစ်ခေါင်းဆောင်တွေ၊ လူ့အခွင့်ရေးချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှု၊ မူးယစ်မှောင်ခိုမှု၊ ဘိန်းစိုက်မှု၊ တပ် တွင်း လျှို့ဝှက်ညွှန်ကြားမှုတွေကိုတောင် အပြင်ကနေ တယ်လီဖုန်းနဲ့ (ဖုန်းဖျက်ခံရတဲ့ကြားက) အချိန်ယူပြီး Investicate လုပ်၊ စုံစမ်းစစ်ဆေးလေ့လာတဲ့သတင်းမျိုးတောင် ကြိုးစားလုပ်ခဲ့ကြတယ်။ အခုလိုကာလမှာ အဲဒါတွေ မလုပ်နိုင်ဘူးဆို ရင် အာအက်ဖ်အေရဲ့ နဂိုမူလရည်မှန်းချက်နဲ့ လွဲချော်သွားပါပြီ။ အာအက်ဖ်အေရဲ့ မူဝါဒကိုအသစ်ပြောင်းလဲရပါတော့ မယ်။ အရင်ကလို ပြည်သူတွေရဲ့လွတ်လပ်စွာပြောဆိုခွင့်တွေ မြှင့်တင်ပေးတာပါဆိုတဲ့နေရာမှာ အစိုးရအာဏာရတွေနဲ့ ခရိုနီတွေရဲ့ လွတ်လပ်စွာပြောဆိုလုပ်စားပိုင်ခွင့်ကို မြှင့်တင်ပေးလိုတဲ့ရည်ရွယ်ချက်လို့ ပြောင်းလဲပေးရမှာ ဖြစ်တယ်။ မီဒီယာဟာ အစိုးရလက်ကိုင်တုတ်မဟုတ်။ အခုလအစောပိုင်း သမတဦးသိန်းစိန်ရဲ့ အမေရိကားခရီးစဉ်မှာ ဘီဘီစီ Hard Talk အင်တာဗျူးအစီအစဉ်လေး တော် တော်များများ ကြည့်လိုက်ရမယ်ထင်တယ်။ သမတ ဦးသိန်းစိန် ကို “အခုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်တွဲ လုပ်နေပြီဆိုတော့ အရင်က ခင်ဗျားအပါအ၀င် စစ်အာဏာရှင်တွေက သူ့ကို ဖမ်းဆီးထိမ်းသိမ်းခဲ့တဲ့ပေါ် စိတ်မကောင်း မဖြစ်ဘူးလားလို့ တခါမေးတယ်။ သမတကြီးက ဝေ့လည်ကြောင်ပတ်ဖြေတယ်။ လိုရင်းမရောက်လို့ စတိဗ်က Regret (နောင်တမရဘူးလား၊ စိတ်ထိခိုက်ခံစားမှု မဖြစ်ဘူးလား) လို့ ထပ်မေးတယ်။ ဒါလဲ အူကြောင်ကြောင်လုပ်နေလို့ ၃ ခါ တောင် လှည့်ပတ်မေးတယ်။ မေးခွန်းတွေကို လိုရင်းရောက်အောင်မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်။ သမတကြီး မျက်နှာပျက်နေတယ်။ သူ့ ကိုတလျောက်လုံး မြန်မာမီဒီယာသမားတွေမေးတာ ဒါမျိုးမေးခွန်းမျိုးမှ မဟုတ်တာ။ ကမ္ဘာတ၀ှမ်းက ဘီဘီစီ Hard Talk ပရိသာတ်တွေ မြန်မာ သမတရဲ့အဖြေကိုအားမရဘူး။ BBC ရဲ့Hard Talk အစီအစဉ်ကနေ သမတ ဦးသိန်းစိန်ရဲ့ ဒီမိုက ရေစီအပြောင်းအလဲနဲ့ အတိုက်အခံတွေပေါ်ထားတဲ့ အတွင်းသဘောတွေကို နိုင်ငံတကာက လှမ်းမြင်သွားတယ်။ အဲဒီပွဲ မှာ ဦးသိန်းစိန် မီဒီယာကိုအရှုံးပေးလိုက်ရတယ်။ သမတနဲ့ အတူပါလာတဲ့ သမတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်း တို့ ၀ါရှင်တန် ဒီစီက အာအက်ဖ်အေရုံးအထိ ရောက် လာပြီး အင်တာဗျူးလာလုပ်တယ်။ မေးတဲ့သူက စတိဗ်လိုမေးခွန်းမျိုးမေးဖို့ အကြံမထွက်ဘူး။ ၀န်ကြီးတို့ ဘာတွေလုပ်နေ လဲဆိုတဲ့ မေးခွန်းနဲ့ ရေလာမြောင်းပေး ၀ါဒဖြန့်ခိုင်းတယ်။ ဒေါ်စုနဲ့ပေါင်းလုပ်တာ အဆင်ပြေရဲ့လားဆိုပြီး တဘက်သားကိုအပေါ်စီးကနေ ဖြေခိုင်းတယ်။ ကြံ့ဖွတ်အစိုးရက အာ အက်ဖ်အေရုံးခန်းလာပြီး အစိုးရကိုအကောင်းမြင်ဖို့ ပျော်ပျော်ပါးပါး ၀ါဒဖြန့်နိုင်ခဲ့တယ်။ အရင်က သူတို့ကြောက်ရတဲ့ မီဒီ ယာဟာ အခုတော့ သူတို့ခါးပိုက်ထဲကမီဒီယာ ဖြစ်သွားတယ်။ တချိန်က ကျနော်တို့ဟာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ NLD ပါတီနဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကို အင်တာဗျူး ရင်တောင် ၀ါဒဖြန့်မခိုင်းဘူး။ သတင်းကျင့်ဝတ်နဲ့ အညီမေးကြတယ်။ ချောင်ပိတ်မေးတယ်။ NLD ပြောခွင့်ရ ဦးလွင်ဆို ကျနော်တို့ကို ဒေါသထွက်တယ်။မဖြေဘူး။ တချို့နိုင်ငံရေးသမားတွေ (နာမည်မပြောလို) ကျိန်းမောင်းဆူပူပြီး ဖုန်းတောင် ချသွားတယ်။ ကျနော်တို့တတွေ နိုင်ငံရေးသမားတွေနဲ့တောင် မိတ်ပျက်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူအများသိချင်တဲ့ စိတ်ဝင်စားတဲ့ မေးခွန်းပဲမေးခဲ့ပါတယ်။ ပြည်သူ့ဆန္ဒသာ မျက်နှာမူခဲ့တယ်။ အရင်က NLD ကို အင်တာဗျူးရင် တခြား NLD မဟုတ်သူတွေကိုလည်း Balance ဖြစ်အောင် (အချက်လက်အားပို ကောင်းပြီး၊ သောတရှင်တွေ ထောင့်စုံကတွေးမြင်သိရှိအောင်) မေးမြန်းရတယ်။ အစိုးရအရာရှိကိုမေးပြီးရင် အတိုက်အခံ ဘက်မေးရတယ်။ အာအက်ဖ်အေမှာ..အရည်အချင်းမရှိရင် ရေရှည်မှာ ကျဆုံးမယ်။ သတင်းသမားအတွက် အရည်အ ချင်းဟာ သက်လုံဖြစ်တယ်။ အရည်အချင်းရှိရင် တာဝေးပြေးရလည်း ခံနိုင်ရည်ရှိတယ်။ တာတိုပြေုးလည်း အားမာန်ပါ တယ်။ အာအက်ဖ်အေ.. ဘယ်ဘက်ရွှေ့မလဲ? .. ဘယ်ဘက်ရပ်မလဲ? ခုတလော အာအက်ဖ်အေ မြန်မာပိုင်းက သတင်းဆိုးတွေထွက်တယ်။ အယ်ဒီတာကျင့်ဝတ်နဲ့ မညီတာ၊ သတင်းသမား ကျင့်ဝတ် မရှိကြတာ၊ ဇာတ်တူသားစားတာ၊ လူကြီးလုပ်ပြီးမျက်နှာလိုက်တာ၊ လူမွေး၊ အုပ်စုမွေးလုပ်တာ၊ ကိုယ့်လူမ ဟုတ်ရင် ရာထူးတိုးမပေးတာ၊ ကိုယ့်လူဆိုရင် ခုန်ပျံကျော်လွှားရာထူးတိုးပေးတာ၊ အလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက် ထားတာ၊ အာဏာပါဝါပြတာ… စုံလို့ စုံလို့..။ ဗမာတွေရှိတဲ့နေရာတိုင်း မတဲ့တာတို့၊ အုပ်စုကွဲတာတို့ဆိုတာ မြန်မာ့ယဉ်ကျေးမှုတခုလို ဖြစ်နေပြီမို့ ရှိပါစေတော့.. စိတ် မကောင်းစရာက အဲလိုအုပ်စုတွေ၊ အတိုက်အခိုက်တွေ၊ မမျမတမှုတွေနဲ့ ဘက်လိုက်မှုတွေရှိနေရင် ၀န်ထမ်းတွေ လုပ် ငန်းခွင်မှာ စိတ်ပျက်နေမှာပဲ။ သတင်းအလုပ်ဆိုတာ ဦးနှောက်ရှင်းရှင်း၊ စိတ်ဓာတ်ကြည်ကြည်၊ တက်တက်ကြွကြွရှိမှ အ လုပ်တွင်ကျယ်တယ်။ စိတ်ညစ်ပြီး သမာဓိအားမကောင်းရင် ကိုယ်ရေးတဲ့စာကလည်း သိတ်ကောင်းလာမှာ မဟုတ်ဘူး။ လူတိုင်း သူ့နေရာနဲ့သူ အရည်အချင်းတွေတော့ရှိကြမှာပဲ အဓိကမျက်ခြေမပြတ်သင့်တာက ကိုယ်သွားနေတဲ့ ခရီးနဲ့ ပန်း တိုင် ဖြစ်တယ်။ ကိုယ့်ပန်းတိုင်က ကိုယ့်အလုပ်ဌာနကချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်ရမယ်။ ဒါဆို ကိုယ့်အ လုပ်ရော၊ ဌာနအလုပ်ရော အောင်မြင်မယ်။ တာဝန်ကျေတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်ရာထူး အာဏာတက်ရေး၊ ကိုယ့် ကုလားထိုင်မြဲရေးဆိုတာက ပန်းတိုင်ဖြစ်သွားရင်၊ အဲဒီလုပ်ငန်းတခုလုံး တိုးတက်သင့်သလောက် ဖွံ့ဖြိုးတိုးတက်မလာ သလို၊ ပဋိပက္ခတွေ အတိုက်အခံတွေနဲ့ ကြုံရမှာပဲ။ ဒီကနေ့ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းကြီးတခုလုံးမှာ အဲဒီ ပြဿ နာတွေ ကြုံနေရတယ်။ ကိုယ့်အလုပ်နဲ့တာဝန်ကို မျက်ခြေပြတ်မခံဘဲ ဖိဖိစီးစီးလုပ်ရမဲ့အစား၊ အဲဒီအလုပ်ကနေ ကိုယ့်အ ကျိုးစီးပွားသာ၊ အတ္တကိုဗဟိုပြုပြီး၊ တွက်ချက်နေတတ်တယ်။ အများပြည်သူအားလုံးရဲ့အကျိုးစီးပွားကို တန်ဘိုးမထား တတ်ဘူးဆိုရင် အဲဒီအလုပ်ရဲ့ဦးတည်ချက်နဲ့ ဟန်ချက်တွေပါလွဲပြီး ပဋိပက္ခတွေ ဆုံးရှုံးမှုတွေပဲ တွေ့ရမှာပဲ။ ၂ ဘက်စလုံး မှာ ဆုံးရှုံးတာပါ။ ကိုယ့်ဘက်ကတော့ ဂုဏ်သိက္ခာဆုံးရှုံးတယ်။ အများပြည်သူမှာတော့ ရလဒ်ကောင်းဆုံးရှုံးတယ်။ သတင်းမီဒီယာ အလုပ်ဟာ အများအကျိုးရည်မျော်ပြီး လုပ်ရတဲ့အလုပ်ပါ။ ဂုဏ်သိက္ခာရှိတဲ့ သတင်းဌာနတခုရဲ့ အသက် ဟာ သူဘယ်ပေါ်မှာရပ်သလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ ပြည်သူအများစုရဲ့မျက်နှာကို ထောက်ထားသလား၊ ဘယ်လောက်ထိမှန်ကန်ပြီး ဘယ်လောက်သမာသမတ်ရှိသလဲ ဆို တဲ့အရာတွေဟာ သတင်းဌာနတွေကိုတိုင်းတာတဲ့ ပေတံပဲ။ သတင်းသမားဆိုတာ ပြည်သူအများစုမျက်နှာကလွဲပြီး ဘယ် ပုဂ္ဂိုလ်၊ ဘယ်အုပ်စုဘက်မှမရပ်ရဘူး။ ပြည်သူတွေကိုပဲ မျက်နှာမူရမယ်၊ ပြည်သူဘက်ပဲရပ်ရမယ်လို့ သတင်းသမားတိုင်း သိထားကြပါတယ်။ ပြည်သူတွေကလည်း တနေ့နေ့ တချိန်ချိန်မှာ ဘယ်သတင်းဌာနကတော့၊ ဘယ်သူတွေကတော့ သူတို့ဘက်ရပ်တယ်၊ မရပ်ဘူးဆိုတာ ကွဲကွဲပြားပြား သိလာပါလိမ့်မယ်။ ဒီနေ့အထိတော့ တချိန်က လာခြင်းကောင်းတဲ့အောင်မြင်မှုရဲ့ နာမည်အရှိန်အ၀ါကြောင့် ယုံထင်ကြောင်ထင် ဖြစ်နေလိမ့် မယ်။ ပြည်သူတွေကို ဟုတ်နိုးနိုး မျော်လင့်ချက်တွေ မပေးစေချင်ဘူး။ အာအက်ဖ်အေ မြန်မာပိုင်းအနေနဲ့ ကိုယ့်ခြေလှမ်း ကို ကိုယ်သတိပြုပြီး အမြန်ဆုံး လမ်းကြောင်းမှန်ကို လျှောက်စေချင်တယ်။ ယခင်စစ်အစိုးရက ယခင်မူနဲ့ ရှေ့ဆက်သွား ဘို့ မဟန်တော့တာကြောင့် ပုံစံတမျိုးနဲ့ရှေ့တိုး ရွှေ့ကြည့်တာပါ။ ကိုယ့်ဘက်ကလည်း အရွှေ့ကောင်းဘို့ လိုပါတယ်။ ကိုယ့်အကျိုးစီးပွားသက်သက်နဲ့ ပြည်သူကလေးစားယုံကြည်တဲ့ မီဒီယာကြီးကိုအသုံးချပြီး ချောက်ကမ်းပါးတွေ ထူပြော တဲ့လမ်းတွေမှာ မျက်မမြင်တယောက်လမ်းပြတဲ့ပုံစံမျိုး ဖြစ်မလာအောင်ပဲ ဆုတောင်းရမယ်ထင်တယ်။ ကိုညို (အာအက်ဖ်အေ သတင်းထောက်ဟောင်း)

No comments:

Post a Comment